မော်လမြိုင် မေ ၂၉
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ ယင်းမာခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းဖွင့်ပြီ” သီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အမှာစကားပြောကြားရာတွင် ယခုနှစ်ကျောင်းအပ်နှံရေးလှုပ်ရှားမှုဆောင်ပုဒ်မှာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ လူငယ်တိုင်း အခြေခံပညာ သင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးတို့ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဒေသဆိုင်ရာလူမှုရေး အသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြားလိုကြောင်း၊ ယနေ့ကာလသည် ပညာခေတ်ဖြစ်၍ အတတ်ပညာ နည်းပညာတို့ကို ပိုင်စိုးသော နိုင်ငံများသည် ကမ္ဘာ့စာမျက်နှာတွင် ရှေ့တန်းသို့ ရောက်ရှိနေကြပြီး ကြွယ်ဝချမ်းသာနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ရောက်သူတိုင်း ကျောင်းနေနိုင်အောင် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီးအလေးအနက်ဆောင်ရွက်ပေးကြပါ၊ ဆရာ၊ ဆရာမများကလည်း မိမိတို့ကျောင်းကို ရောက်ရှိလာသည့် ကလေးငယ်များကို မေတ္တာအကြင်နာပေးပြီး ပြုစုပျိုးထောင်ပေးကြပါ၊ ပြည်သူတစ်ရပ်လုံးကလည်း တက်ညီလက်ညီပူးပေါင်းလုပ်ဆောင်ပေးကြပါဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ကျောင်းအပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက”လှမ်းလာခဲ့ပါ မွန်ပြည်နယ်”သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများ၊ ကျောင်းဝတ်စုံများနှင့် အလှူရှင်များမှ လှူဒါန်းသော ကျောပိုးအိတ်များနှင့် ထီးများအား ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မော်လမြိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ပြန်လည်ပြင်ဆင်ပြုပြင်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နေမှုအခြေအနေများကိုလည်းကောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)