ရန်ကုန် မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ပညာပညာဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လေ့ကျင့်ရေးအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ပညာရေးအချက်အလက်များအား ရှင်းလင်းတင်ပြရာတွင် “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ် နှံရေးသတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိသတ်မှတ်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များကလှူဒါန်းထားသော ဗလာစာအုပ်နှင့်ထီးများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးဥက္ကဋ္ဌအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ပြီး လေ့ကျင့်ရေးအထက်တန်းမှကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)