ရန်ကုန် မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အ-ထ-က(၁)ကျောင်းတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စွမ်းအားခန်းမတွင်ကျင်းပရာ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊ စီမံအဖွဲ့ဝင်(၁)ဗိုလ်မှူးကောင်းဇော်လင်း၊ စီမံအဖွဲ့ဝင်(၂)ဦးလှသိန်း၊ ဌာနဆိုင်ရာမှအရာရှိများ၊ ပညာရေးမှ ဆရာ/ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်များ၊ အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အ-ထ-က(၁)ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေသီဆိုပြီး ကျောက်တံတားခရိုင်၊ ခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်မာလာရီက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည် ။
ထို့နောက် လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက လမ်းညွှန်အမှာစကားပြောကြားပြီး လမ်းမတော်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းသား/ သူများအား အခမဲ့ကျောင်းသုံးပစ္စည်းများ ပေးအပ်ကြသည်။
ယင်းနောက် အ-ထ-က(၁)ကျောင်းသား/သူများမှ အက္ခရာအောင်ပါစေသီချင်းဖြင့် နှုတ်ဆက်ဂါရဝပြုပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်