သထုံ မေ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံနေကြပြီး ယနေ့၊ နံနက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
သထုံမြို့နယ်အတွင်း လာရောက်ကျောင်းအပ်နှံကြသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အထက်တန်းနှင့် အထက်တန်းကျောင်းခွဲပေါင်း ၂၁ ကျောင်း၊ အလယ်တန်း၊ အလယ်တန်းကျောင်းခွဲနှင့် မူလွန်ကျောင်းပေါင်း ၄၆ ကျောင်း၊ မူလတန်းနှင့် မူလတန်း(ခွဲ) ကျောင်းပေါင်း ၁၀၆ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၇၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်က ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၆၀၃၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)