သထုံ မေ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း ၆ သင်းတို့အား နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်သန္တာစိုးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အခြေခံသမဝါယမအသင်းများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း (၆) သင်းတို့အား အရင်းငွေကျပ်(၁၄၀၀)သိန်းနှင့် အတိုးငွေကျပ်(၉၈၄၉၀၀၀)တို့အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)