ဇမ္ဗူသီရိ နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ်ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး အတွက် စနစ်တကျ ထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း ယခင်ပထမအကြိမ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးကို အိမ်ထောင်စုပေါင်း (၅၅၁၉) စုအား လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ငွေကျပ်တစ်သောင်းငါးထောင်စီအား အိမ်ထောင်စုပေါင်း (၃၂၉၉) စုအား လည်းကောင်း ပေးအပ်ခဲ့ပြီး ယခုအခါ ငွေကျပ် နှစ်သောင်းစီအား အိမ်ထောင်စုပေါင်း (၈၇၉၈) စုအတွက် စုစုပေါင်း ငွေကျပ် (၁၇၅၉၆၀၀၀၀)ကို စတုတ္ထအကြိမ်အဖြစ် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)