မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မုဒုံ မေ ၂၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ငှက်ဖျားတိုက်ဖျက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စာသင်ကျောင်း၊ နေအိမ်များရှိ  ရေစည်ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ပိုးလောက်လန်းများ ဖယ်ရှားခြင်း၊ ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)