တပ်ကုန်း မေ ၂၈
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် MMKM Chinese Language Center တို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ တရုတ်စကားပြောအခြေခံများရရှိစေရန်၊ သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံတရုတ်စကားပြောသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အခြေခံတရုတ်စကားပြောသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြဆရာ ဦးအောင်ပြည့်ဖြိုးက သင်တန်းဖွင့်လှစ်သင်ကြားရသည့်ကာလအတွင်း အတွေ့အကြုံများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား၊သင်တန်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂) ဒေါက်တာ ခင်မောင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၂) ၊ ဦးစီးအရာရှိနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပြီးနောက် သင်တန်းနည်းပြဆရာ ဦးအောင်ပြည့်ဖြိုးနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမအတွက် စားပွဲတစ်လုံးပေးအပ်လှူဒါန်းခဲ့သည်။
ထိုအခြေခံတရုတ်စကားပြော(အခမဲ့)သင်တန်းကို မတ်လ ၁၆ရက်မှ မေလ ၂၈ရက်နေ့ထိ စနေနှင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်၍ နေ့စဉ်သုံးစကားအတိုအထွာများ၊ ကိန်းဂဏန်းများ၊ လူပုဂ္ဂိုလ်အခေါ်အဝေါ်များနှင့် မိတ်ဆက်ခြင်းတို့ကို အရေး၊ အဖတ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်