ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငါ့သရောက်မြို့ မြနန္ဒာသောက်ရေကန်ကြီးတစ်ဝက်ခန့် မိုးရေများ ဝင်ရောက်

ငါ့သရောက်  နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂)ဈေးကုန်းရပ်ရှိ မြနန္ဒာသောက်ရေကန်ကြီး နိုဝင်ဘာလ ၂ ရက်နေ့ကရွာသွန်းခဲ့သည့်မိုးကြောင့် ရေကန် တစ်ဝက်ခန့်အထိ မိုးရေများဝင်ရောက် ခဲ့ကြောင်း သိရသည်။

ကန်ပေါင်အနံ ပေ ၂၀၀ ရှိပြီး  အရှေ့အနောက်အလျားပေ ၁၃၀၀   နှင့်  တောင်မြောက်ပေ၈၂၀ရှိသော မြနန္ဒာသောက်ရေကန်ကြီးသည်  ငါ့သရောက်မြို့   ရပ်ကွက်(၄) ရပ်ကွက် သာမက  ကျေးလက်တောရွာများ ကပါ မှီခိုအားထားနေရသောကန်ကြီးဖြစ်သည်။ 

“အရင်နှစ်တွေတုန်းက မိုးသိပ်မကောင်းတော့ ရေကန်ကခန်းခြောက်တဲ့အထိကိုဖြစ်သွားခဲ့ဖူးတယ်၊ မြို့ပေါ်က လူတွေအားလုံးက ဒီကန်ကရေကိုပဲအားထားကြရတာ၊ ဒီနှစ်ထဲ မှာ ကန်တစ်ဝက်လောက်အထိ ရေဝင်တာ အခုတစ်ကြိမ်ပဲရှိသေးတယ်၊ ကန်ရေခပ်တဲ့နေရာမှာလည်း အရင်လိုလူလာခပ်တာမျိုး မဟုတ်တော့ဘဲ ရေစုပ် စက်တွေနဲ့ စုပ်တာဖြစ်တဲ့အတွက် အားလုံးကခြွေတာနိုင်ရင်တော့ လုံလောက်မှု ရှိမှာပါ” ဟု ငါ့သရောက်မြို့မှ ဦးကျော်စွာကပြောကြားသည်။

ယခုနှစ်မိုးရာသီတွင်    ကန်ပေါင်ပတ်ဝန်းကျင်နှင့် ကန်ပေါင်ပေါ်သို့ အရိပ်ရသစ်ပင်များကို ဌာနဆိုင်ရာများနှင့် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက စိုက်ပျိုးခဲ့ကြပြီး ရေလုံး၀ ခန်းခြောက်သွားချိန်  ရေဝင်နေရာများနှင့်  အနည်အနှစ်ပို့ချ သောနေရာများ    ပြန်လည်ဆယ်ယူခြင်းလုပ်ငန်းကို  ငါ့သရောက်  နယ်သူနယ်သား များနှင့်  အဝေးရောက်   နယ်သူနယ်သားများ  လှူဒါန်းငွေဖြင့် ဧပြီလအတွင်းက ပြန်လည်ဆယ်ယူ ခြင်းဖြစ်ကြောင်း၊ သဲစစ်ကန် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉  - ၂၀၂၀   ဘဏ္ဍာနှစ် တိုင်းဒေသကြီး  ရန်ပုံငွေဖြင့်  ဆည်မြောင်းဦးစီးဌာနမှဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြနန္ဒာကန်ခေါ်ကန်တော် ကြီးသောက်ရေကန်သည် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး၏ သမီးတော်နှင့် အခြွေအရံများ မိတ္ထီလာကန်တော်ကြီး ဆယ်ယူရာတွင် သွားရောက်ကြီးကြပ် စစ်ဆေးပြန်လာရာမှ  ထိုအရပ်သို့ ရောက်လာပြီး ရေသောက်ရန်ရေဆယ်ရာမှ စတင်ပေါ်ပေါက်လာသည့် ကန် ဖြစ်ကြောင်း၊ ငါ့သရောက်မြို့ ကုန်းမြင့် ပေါ်တွင်ရှိသည့်   ရေကန်ဖြစ်ရာ          အနော်ရထာမင်းကြီး၏  သမီးတော်   ရွှေလောက်စံမင်းသမီး အစပြုဆယ်ယူခဲ့သည့်  ကန်တော်ကြီးဖြစ်ကြောင်း ငါ့သရောက်မြို့   စာရေး ဆရာ  ဗိုလ်ချို မြေမြင့်ဆွေထံမှ သိရသည်။

ဖေလိန်း(ပုဂံ)