ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

သင်္ဃန်းကျွန်း မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀) နာရီအချိန်က သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ သင်တန်းနည်းပြဆရာ စာတည်းမှူးချုပ် (ငြိမ်း) ဦးခင်မောင်ကျော်ဒင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား ပြည်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်အတွက် ယခုလိုသတင်းရေးသားနည်းသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ စာတည်းမှူးချုပ် (ငြိမ်း) ဦးခင်မောင်ကျော်ဒင်က မိမိကျွမ်းကျင်တက်မြောက်သည့် သတင်းစာပညာနှင့် သတင်းရေးသားနည်းပညာများကို ယခုတက်ရောက်လာသည့်သင်တန်းသားများကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ မှတ်သား‌ပြီး မိမိတို့လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချသွားကြရန် ရှင်းလင်း‌ပြောကြားခဲ့သည်။

အဆိုပါသတင်း‌ရေးသားနည်းသင်တန်းတွင် မီဒီယာအမျိုးအစားများ၊ သတင်းဆိုသည့်အဓိပ္ပာယ်၊ သတင်း၏ တန်ဖိုး၊ သတင်း၏အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ တိကျပြည်စုံမှန်ကန်သည့် သတင်းတစ်ပုဒ်ဖြစ်လာစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သတိပြုရမည့်အချက်များ စသည်ဖြင့် သတင်းရေးသားနည်းပညာများကို ၂၀၂၄-ခုနှစ် မေလ(၂၇)ရက်နေ့မှ မေလ(၃၁)ရက်နေ့ အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်း နယ်မြေ သတင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူ (၂၈) ဦးအား သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)