သံဖြူဇရပ် မေ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ (၂၅) ကြိမ်မြောက် ငွေရတုသဘင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရာမညနိကာယဟံသာထောကျောင်းတိုက်၌ ကျင်းပရာ အခမ်းအနားသို့ မွန်ဒေသလုံးဆိုင်ရာမွန်စာပေနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် သြဝါဒဆရာတော်ကြီးများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်၍ နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပူဇော်ဖွင့်လှစ်ပြီး မွန်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြပြီး ကြွရောက်တော်မူကြသည့် ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သဘာပတိဆရာတော်ကြီး ဘဒ္ဒန္တသြဘာသနှင့်ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေတုမာလာထံမှ ဩဝါဒစကားမြွတ်ကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးခင်မောင်ဦးက အမှာစကား ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် သိန်း (၃၁၀) အား ထောက်ပံ့ပေးအပ်၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက အမှာစကားပြောကြားခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ အတွင်းရေးမှူးမှ လုပ်ငန်းစဉ်အကျဉ်းအား အစီရင်ခံတင်ပြကာ အတန်းအလိုက် ပထမဆုရ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၆)ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အတွင်းရေးမှူးဆရာတော်ဘဒ္ဒန္တ သီလဝန္တမှ ရသုံးငွေစာရင်း အကျဉ်းအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် စာဖြေဌာန (၅) ခုမှဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများမှ အထူဆု ရကျောင်းသား (၃၀) ဦး၊ ရိုးရိုးအောင် (၂၅၀၈) ဦးအား ဂုဏ်ပြုဆုနှင့် အောင်လက်မှတ်များကို သြဝါဒဆရာတော်ကြီးများနှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။ မွန်စာပေနှင့်ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်ကြားရေးအဖွဲ့ကို ၁၃၆၀ ခုနှစ်မှ စတင်၍ မြို့နယ် ၂၀၊ မြို့ ၅ မြို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ယခုငွေရတု (၂၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း မွန်စာပေနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်ကြားရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)