ကော့မှူး မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်များအနေဖြင့် စာဖတ်ခြင်းကိုအလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေများဖတ်ရှုခြင်းကြောင့် အမှားအမှန်များအားဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Book Club အသင်းမှ မောင်ကျော်သီဟက စာရေးဆရာမောင်မိုးယံရေးသားသည့် လူငယ်နှင့်(အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ) စာအုပ်ထဲမှ လူငယ်နှင့်စာပေမြတ်နိုးစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ညီညီအောင်ကလူငယ်နှင့် နိုင်ငံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာအောင်က လူငယ်နှင့်ခရီးသွားခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် Book Club အဖွဲ့ဝင် မောင်ကျော်သီဟက ဦးဆောင်ဆွေးနွေးရာတွင် လူငယ်နှင့်စာပေမြတ်နိုးစိတ်ဆိုသော အကြောင်းအရာကိုစဉ်းစား ကြည့်သောအခါ ယနေ့ခေတ်ကာလတွင် လူငယ်နှင့်စာပေတဖြည်းဖြည်းဝေးကွာလာသည်ကို ပြောလိုသောဆန္ဒဖြစ်မိပါကြောင်း၊ လူငယ်သည်ဘဝအားဖြင့် အချိန်တန်လျှင် အသက်အရွယ်အရကြီးလာပြီး လူကြီးဖြစ်လာမည်မှာမလွဲသော်လည်း အချိန်မစီးတန်ဖိုးမတက်သော လူကြီးတစ်ဦးဖြစ်လာလျှင်တော့ ဆန်ကုန်မြေလေးဖြစ်ပါကြောင်း၊ လူငယ်မှလူကြီးဖြစ်လာဖို့ ကြားကာလသက်တမ်းသည် လူတစ်ယောက်၏အသိပညာ၊ အတတ်ပညာကြွယ်ဝမှု၊ အသိတရားတိုးတက်မြင့်မားမှုက အရေးကြီးပါကြောင်း၊ အသိပညာနှင့်အသိတရားမြင့်မားလာဖို့ဆိုလျှင် ပြုပြင်ထိန်းကျောင်းသောဆရာနှင့် အသိတရားတိုးတက်စေမည့် စာပေကအခရာဖြစ်ပါကြောင်း၊ လူငယ်တို့သည် မိမိကိုယ်မိမိပြုစုပျိုးထောင်ရာတွင် စာပေကသာတည့်မတ်ထိန်းကျောင်းနိုင်သည်ကို သိဖို့လိုပါကြောင်း၊ အညှီအဟောက်နှင့် တဏှာမှိုင်းတိုက်သောစာပေ၊ သုတရသကိုမပေးစွမ်းနိုင်သောစာပေများသည် လူငယ်တို့အတွက် အချိန်ကုန်လူပန်းဘဝနွမ်းစေနိုင်ကြောင်းကို သတိပြုသင့်ကြောင်း၊ လူငယ်တို့၏ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ဆိုလျှင် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးပြီး အနှစ်သာရရှိသော စာပေများကိုမြတ်နိုးစွာဖတ်ကြဖို့၊ စာပေကိုတန်ဖိုးကြဖို့စသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ ပြန်/ဆက်