လားရှိုး မေ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းအောင်ဆန်းက “သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး”ခေါင်းစဉ်ဖြင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ဟောပြောပွဲအမှတ်တရအဖြစ် ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေသာယာရေးအတွက် ကျွန်း၊ စိန်ပန်းနီ၊ ကံ့ကော်၊ ခရေ၊ ချယ်ရီ၊ မယ်ဇလီ၊ ပန်းဝါပျိုးပင်များကို ဖြန့်ဝေပေးရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြပြီး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့အပြင် အဆိုပါဆရာ/ ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများသည် လားရှိုးမြို့နယ်၊ မြို့မပျိုးဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြရာ ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင်များဖြန့်ဝေရန် ပျိုးထောင်ထားရှိမှုများနှင့် ၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်း စိုက်ပျိုးရန်အတွက် ပျိုးပင်များ ကြိုတင်ပျိုးထောင်ထားရှိမှုများ၊ ပျိုးဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် သစ်မျိုးစုစုပေါင်း (၁၉)မျိုးနှင့် ပျိုးပင်စုစုပေါင်း(၈၀၀၀၀)ပင်တို့၏ ပျိုးပင်များ ပျိုးဥယျာဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝင်းစိန်နှင့် ပျိုးဥယျာဉ်တာဝန်ခံတို့က ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)