မုဒုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မုဒုံ မေ ၂၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းသား/သူများမှ ကျောင်းအပ်နှံရေးနေ့ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းနေရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး  ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးတာဝန်ခံ ဒေါ်မို့မို့သိန်းက ကျောင်းအပ်နှံရေးလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးပုံနှိပ်စာအုပ် (၃၂၇၅၀) စုံ၊ ဗလာစာအုပ် (၃၁၂၈၀)ဒါဇင်၊ ခဲတံ (၁၂၉၀၈)ဒါဇင်၊ ဘောပင် (၂၃၁၅)ဒါဇင်၊ ကျောင်းဝတ်စုံ မူဆင့် (၂၄၂၀၁) စုံနှင့် ပညာရေးစေတနာရှင်များက ၁၂၉၉ သိန်းကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅)ကျောင်းကို ဖွင့်လှစ်မည်ဖြစ်ပြီး KG တန်းမှ Grade-12တန်းထိ ကျောင်းသား/သူ ၃၅၂၁၁ ဦးကို ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)