ကျောက်ဆည် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကံဦးရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး (၁၂)ပေ၊ (၂၅)ပေ သွပ်မိုး၊ မြေစိုက် Steel Stucture (၁)ထပ် Like Mobile ဆိုင်ခန်းတွင် ည (၁၁) နာရီ (၄၆) မိနစ်အချိန်ခန့်က အင်ဗာတာအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ Like Mobile ဆိုင်ခန်းတွင် အင်ဗာတာအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် Like Mobile ဆိုင်ခန်းဘေးရှိ (၁၂)ပေ၊(၂၅)ပေ တော်ဝင်ရတနာ ဖယောင်းပုဆိုးဆိုင်ခန်း (၁)ခန်း၊ Like Mobile ဆိုင်ခန်း KMD Sale & Service ဆိုင်ခန်း(၃)ခန်း၊ (၁၂)ပေ၊(၂၅)ပေ လင်း Mobile ဆိုင်ခန်း(၁)ခန်း စုစုပေါင်းဆိုင်ခန်း(၆)ခန်းနှင့် အတွင်းပစ္စည်းများဖြစ်သည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ဖယောင်းပုဆိုးများ၊ ဆိုင်ကယ် Clice (၁)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်၍ ရေသယ်ယာဉ်(၃)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စဉ့်ကိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘယ်လင်းနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး နှင့် သန္ဓေတပ်ဖွဲ့ဝင်(၃၆)စီး၊ အရန်အဖွဲ့ဝင်(၅)ဦး တို့သည် ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများ မရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)