မိုင်းဆတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မိုင်းဆတ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးတို့ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄) အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၄၁)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈,၈၂၀,၀၀၀)သိန်းအား အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးလျက်ရှိသည်။

မိုင်းဆတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၂၃၈၁)စုရှိပြီး ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းထောက်ပံ့ပေးလျက်ရှိရာ ထောက်ပံ့ငွေပေးအပ်ရန် ကျန်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၉၄၀)စုအား ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)