အမရပူရ မေ ၂၇
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ် ကျောင်းအပ်နှံနေမှုများကို ယမန်နေ့နံနက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် အမရပူရမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် နတ်ရေကန်ကျေးရွာအုပ်စုရှိ ယန္တယား အခြေခံပညာအထက်တန်းကျောင်းတို့၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုများ၊ ကျောင်းသုံးပစ္စည်းများ ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ကျောင်းအပ်လက်ခံဆောင်ရွကနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်ထိ ဖြစ်ကြောင်း သိရသည်။ အမရပူရမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၀၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်းတို့ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးသီဟ(အမရ)