မော်လမြိုင် မေ ၂၆
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်မော်လမြိုင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယနေ့က ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရ.ပ.က.န)ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးလက်ကျန်းမာရေးဌာနအောက်ရှိကျေးရွာများ၏ နေအိမ်များတွင် ပန်းအိုးများ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် နေရာများအား ကြည့်ရှုစစ်ဆေးကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေတွင်းရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်မြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို မေလ ၄ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများ တွင်လည်းသက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)