မုဒုံ မေ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံ-လက်တတ်ကျေးရွာတွင် အိမ်တွင်းလက်မှုပညာတစ်ရပ်ဖြစ်သည့် ဝါးခမောက်များကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချရာ ယခုနှစ် မိုးဦးကျကာလ၌ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ဝါးခမောက်များပြုလုပ်ရန်အတွက် ကုန်ကြမ်းများအားလုံးကို ဝါးပင်များမှရရှိ၍ ဝါးပိုးဖက်ကို အသုံးပြုရသည့်အတွက် ဒေသရှိ နေအိမ်ခြံများအတွင်း စိုက်ပျိုးရန် လုံလောက်မှု မရှိခြင်းကြောင့် ကုန်ကြမ်းများကို မှာယူစုဆောင်းရကြောင်း၊ လုပ်သားတစ်ဦးလျင် တစ်ရက်ပျမ်းမျှ ခမောက် ၁၀ လုံးခန့်ပြုလုပ်နိုင်၍ ကောက်စိုက်ခမောက်ကို အဓိကလုပ်ကိုင်းရောင်းချရပြီး ကျောင်းသားဆောင်းခမောက်၊ မုန့်အုပ်ခမောက်နှင့် အခြားခမောက်ပုံစံ အမျိုးမျိုးကို ဆယ့်နှစ်ရာသီပတ်လုံး ရောင်းချလျက်ရှိကြောင်း နိုင်လှုံကျေးရွာနေ ခမောက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။
မိုးဦးကျကာလနှင့် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ဝါးခမောက်များကို မွန်ပြည်နယ်အတွင်းရှိ အမြို့မြို့အနယ်နယ်မှ မှာယူကြရာ ခမောက်အရွယ်အစားအလိုက် ဒေသပေါက်စျေး တစ်လုံးလျှင် (၂၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ ရောင်းချရကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)