ကျိုက်ထို မေ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာ (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ကျောင်းသူများ တက်ရောက်နိုင်ရန် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့ ဆိပ္ဖူးတောင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်ဇောတိက (D-litt,ph.D)၊ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စန်းနိုင်ဦး၊ ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းထွဋ်အောင်က ဆောက်လုပ်ထားသည့် စာသင်ဆောင်များအား လိုက်လံပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစန်းနိုင်ဦးက လိုအပ်သည်များကို မှာကြားခဲ့သည်။
အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီထိ လက်ခံလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်