ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပေါင် မေ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်အောင် ဆောင်ရွက်ကြရန်၊ နှစ်ချို့ကလေးတွေလည်း ကျောင်းပြန်နေနိုင်ပါကြောင်း၊ အမိကျောင်းတော်ကြီးက ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းနေဖို့ အမြဲဖိတ်ခေါ်ပါကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ကျောင်းနေအရွယ် ကလေးတိုင်း   ကျောင်းနေရန်အတွက် နိုင်ငံတော်က ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်များအပြင် မူလတန်းကလေးငယ်များအား ဝတ်စုံများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားတွေကိုလည်း ကျောင်းစာပေအပြင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပေါင်မြို့နယ်အတွင်း စာသင်ကျောင်း (၁၆၄) ကျောင်းရှိရာ မေလ (၂၃) ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံနေပြီးဖြစ်ပါကြောင်း မေလ (၂၅) ရက်နေ့အထိ အထက်တန်း (၁၈၉၂)ဦး၊ အလယ်တန်း (၅၉၆၁) ဦး၊ မူလတန်း (၂၄၅၈၄)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၃၂၄၃၇) ဦး ကျောင်းအပ်ပြီးစီးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)