ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင် ရေး ကြပ်မတ် စစ်ဆေးအရေးယူဆောင်ရွက်

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ‌နေအိမ်ပြင်ပထွက်သူတိုင်း အကာ အကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိ သည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ် မီးသတ် ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ  မြို့နယ်အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြားနေရာများတွင်  ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး ကြပ်မတ်စစ်ဆေးခြင်းနှင့် အကာအကွယ်  Mask မပါရှိသူများအား စစ်ဆေး‌‌တွေ့ရှိပါက ဒဏ်ငွေကျပ် ၂၀၀/- ဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်းစနစ်တကျ တပ်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)