မိုင်းယောင်း၌ မိသားစုအပိုဝင်ငွေ တစ်ဖက်တစ်လမ်းရရှိရေး ဝါးပိုးရှာဖွေရောင်းချ

မိုင်းယောင်း နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်ယာနှင့် လယ်ယာလုပ်ငန်းများ ရိတ်သိမ်းပြီးချိန်၌ တောင်သူအချို့သည် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရန် ဝါးပိုးရှာဖွေခုတ်ယူ ရောင်းချရာ အဆင်ပြေနေကြကြောင်း သိရသည်။

ဝါးပိုးတွေကတော့ မိုးအကုန် ဆောင်းအကူးရာသီမှာ အများဆုံးကျရောက်နေတတ်တယ်။ မိုးရာသီကာလမှာ သူတို့(ဝါးပိုး)တွေက ဝါးနုရဲ့အတွင်းပိုင်းဝါးဆစ်မှာ ပေါက်ဖွားပြီး မိုးအကုန် ဆောင်းအကူးမှာ ရှာဖွေခုတ်ယူ ရောင်းချကြတာဖြစ်တယ်။ ဝါးပိုးတွေ ရှာဖွေခုတ်ယူရတာ ခက်ခဲတယ်။ ဒါပေမယ့် တောင်ယာလုပ်ငန်းတွေ ရိတ်သိမ်းပြီးပြီဆိုတော့ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေရတာပေါ့။ ယခင်နှစ်ကတော့ ဝါးပိုးတစ်ဆယ်သားကို ကျပ်ငါးထောင်နဲ့ ရောင်းဈေးရတယ်။ ယခုနှစ်ကတော့ တစ်ဆယ်သားကို ကျပ်သုံးထောင့်ငါးရာလောက်ပဲ ရောင်းချနေကြရတယ်။ အများဆုံးကတော့ စားသုံးသူတွေ ဝယ်စားတာများတယ်။ဟု ဝါးပိုးရှာဖွေရောင်းချသူ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဝါးပိုးသည် အအေးပိုသည့်ဒေသတွင် အများဆုံးကျရောက်တတ်သော အရောင်ဖြူရောင်သန်းကာ နှုတ်သီးမည်းသည့် ပိုးကောင်တစ်မျိုးဖြစ်ပြီး တစ်နှစ်မှာ တစ်ခါသာ အများဆုံး စားသုံးကြရသဖြင့် ဒေသခံများကြိုက်နှစ်သက်သည့် ရာသီစာဟင်းစားတစ်မျိုး ဖြစ်ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)