၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

အောင်မြေသာစံ မေ ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၁၆ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်က လေးစောင့်ရှောက်ရေးအဖွဲ့များမှ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကိုယ်ပိုင်ကျောင်းများမှ တည်ထောင်သူများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အ.ထ.က(၁၄) ကျောင်းသား၊ ကျောင်းသူများမှ "တိုင်းနိုင်ငံအားလုံးကျောင်းအပ်ကြစို့ကွယ်" သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး၊မြို့‌တော်ဝန် ဦးကျော်ဆန်းက အမှာစကား ပြောကြားသည်။ ထို့‌နောက် အ.ထ.က(၁၆) ကျောင်းသား၊ ကျောင်းသူများက  “ပညာသည်သာရတနာ”သီချင်းဖြင့်ဖျော်ဖြေသည်။ဆက်လက်၍ မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် ထက်၊လယ်၊မူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ပေးအပ်ကြရာ ခရိုင်ပညာရေးမှူးများမှ လက်ခံရယူကြပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမိခင်နှင့် ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းများအသင်းတို့က အလှူငွေကျပ် (၁၀)သိန်းစီ ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူ၍ အ.ထ.က ၂၇ မှ ကျောင်းသား၊ကျောင်းသူများက “မိုးဦးအလှစိမ်းစိုမြ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

၎င်း​​နောက် တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းအပ်နှံနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အား မေလ(၂၃)ရက်မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ထားရှိ၍ မူလတန်းကျောင်းသားတစ်ဦးလျင် ကျောင်းသုံးပုံနှိပ် စာအုပ် (၁)စုံ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ကျောင်းဝတ်စုံ (၁)စုံ၊ ခဲတံ (၄)ချောင်းစီ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ် (၁)စုံ၊ ဗလာ စာအုပ်(၁)ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ(၂)ချောင်းစီ ထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယခင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ (၁,၀၀၃,၅၄၆)ဦး တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခုပညာသင်နှစ်တွင် အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းပေါင်း (၄၂၆၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း (၃၁၁)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၂၂၃)ကျောင်း၊ စုစုပေါင်း (၄၈၀၃)ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)