ချမ်းအေးသာစံ မေ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေး တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြစို့ကွယ် ဂုဏ်ပြုသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံသားတိုင်း သတ်မှတ်ကာလတွင် အခြေခံပညာ အဆင့်အလိုက် ပြီးမြောက်စေရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲရေးတို့အတွက် အားလုံးဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်မှသာ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် အခွင့်အလမ်း အပြည့်အဝ ရရှိမည် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူ ခွင့်ရရှိစေရေး၊ ကျောင်းသားကျောင်းသူများအားလုံး အနိမ့်ဆုံးအဆင့် အခြေခံပညာ အလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိ သင်ယူနိုင်ရေး၊ အလယ်တန်းအဆင့် Grad-9 ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ရေး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ၊ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အဘက်ဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခုနှစ် မေလ ၂၃ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းအပ်နှံကြရန် တိုက်တွန်းပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးတို့က နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသည့် အခြေခံပညာ မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်းကောင်း၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်းကောင်း သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးများထံသို့ ပေးအပ်ပြီးနောက် စေတနာ အလှူရှင်များမှ လှူဒါန်းငွေများကို တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူများက လက်ခံ ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆရာဆရာမများ၊ကျောင်းသား ကျောင်းသူများနှင့် မိဘများအား ရင်းနှီးစွာနှုတ်ဆက်ကာ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ပေးနေမှုများကို လိုက်လံရှုအားပေးခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် အခြားဒေသများမှ ပြောင်းရွှေ့ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား အခက်အခဲမရှိ ကျောင်းအပ်နှံရေးအတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးရုံးများတွင် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)