မုဒုံမြို့နယ်တွင် နွေစပါး (၁၃၇၆) ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီး

မုဒုံ မေ ၂၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါး စိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေးစပါးစိုက်ဧက (၁၃၇၆ ) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နွေစပါး စိုက်ပျိုးရာသီချိန်၌ တောင်သူများ၏ ကြိုးပမ်းစိုက်ပျိုးခြင်း ကြောင့် လျာထားဧကထက် (၇၃၈)ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ မုဒုံမြို့နယ်တွင် အများအားဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ စသည့် စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြခဲ့ပြီး ဧပြီလဆန်းပိုင်းမှ စတင်၍ စပါးများ ရိတ်သိမ်းခဲ့ရာ မေလ တတိယအပတ်အထိ စိုက်ဧက အားလုံးကို ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်မှု မရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများကို  တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်သည် ရေခံမြေခံ အခြေအနေ ကောင်းမွန်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုအ ဆင်ပြေပြီး လယ်ယာကုန်ထုတ်လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့် လက်ရှိအချိန်တွင် စပါးစျေးများ ကောင်းမွန်လာခြင်းတို့ကြောင့် ဒေသခံ တောင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)