မိတ္ထီလာမြို့နယ် သဲတောကျေးရွာတွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်မီး စတင်ရရှိ

မိတ္ထီလာ၊ နိုဝင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာအုပ်စု သဲတောကျေးရွာတွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့်  ယမန်နေ့မှ စတင်၍ လျှပ်စစ်မီး စတင်ရရှိပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံး မှ သိရသည်။

မိတ္ထီလာမြို့နယ် သဲတောကျေးရွာတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၇)သန်းဖြင့် တင်ဒါအောင်မြင်သည့် Titan Kandawgyi  Co;ltdမှ တာဝန်ယူ၍ 11KV ဓာတ်အားလိုင်း ၁ မိုင် နှင့် 11KV/0.4KV  100 KVA ထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်းကို ဇန်နဝါရီလမှ စတင်၍ ဆောက်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ တည်ဆောက်ပြီးစီးပြီဖြစ်သည့်အပြင် ကျေးရွာမှဒေသခံပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့(စ်)အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများလည်း ပြီးစီးနေပြီဖြစ်၍ သဲတောကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ကျေးရွာတွင်းလိုင်းများကို  လျှပ်စစ်မီးများ လင်းနိုင်ခဲ့ပြီဖြစ်ပြီး ကျေးရွာတွင်းရှိ နေအိမ်များကိုလည်း စီတီမီတာများဖြင့် လျှပ်စစ်မီးပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက် အင်ဂျင်နီယာ ဦးသန်းလှိုင် က ပြောပြ၍ သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် Titan Kandawgyi  Co;ltd မှ တာဝန်ယူ၍ 33 KV ဓာတ်အားလိုင်း (၀.၆၄) မိုင် နှင့် 33KV/0.4KV  100 KVA ထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်းအပြင် ကျေးရွာမှ ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့(စ်)အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများလည်း ပြီးစီးနေပြီဖြစ်၍ နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ လျှပ်စစ်မီးများ ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)