ကျိန္တလီမြို့ (Community Centre) ခန်းမ၌ ရိုးရာထုံးမုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်

ကျိန္တလီ မေ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ရိုးရာထုံးမုန့်လုပ်နည်း သင်တန်းကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ရိုးရာထုံးမုန့်လုပ်နည်းသင်တန်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြ ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ဒေါ်မငယ်က ထုံးမုန့်ပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့ ပြုလုပ်သင်ကြားပေးရာ သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် သင်တန်းသူ(၁၀)ဦး သင်တန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိန္တလီမြို့ရုံးအနေဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)၊ မုန့်လုပ်နည်းသင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)