ကျောက်ဆည် နိုင်ဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး မြို့ရှောင်လမ်း ထိပ်တွင် အောက်တိုဘာလ(၁၁)ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်းခဲ့သည့် ကုန်တင် ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ယနေ့မော်တော် ယာဉ်(၉၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရမှု ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူ(၁)ဦး ထပ်မံတွေ့ ရှိကြောင်း သိရှိရသည်။
အဆို့ပါ ပိုးတွေ့လူနာသည့် ကျောက်ဆည်မြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့မှ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းနှင့်အတူပါလာသည့် အမျိုးသား(၂)ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျောက်ဆည်နည်းပညာတက္ကသိုလ် Facility Quarantine သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် အရးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင် ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ရဲဝင်းနိုင်၊ ဒေါက်တာ ယဉ်မင်းမင်းစိန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး မန္တလေးတိုင်း ဒေသကြီး အထက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အသီးသီးမှ ကုန်ပစ္စည်းများတင်ဆောင်ပြီး ကျောက်ဆည်မြို့သို့ ဖြတ်သန်းကာ ဒေသအသီးသီးသို့ သွားရောက်မည့် ကုန်တင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခဲ့ရာ ယနေ့နိုဝင်ဘာ(၁၀)ရက်န့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရသူ(၁)ဦးအပါအဝင် (၆)ဦးရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)