သံဖြူဇရပ် မေ ၂၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်အတွင်းအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက "ကျောင်းဖွင့်ပြီး" သီချင်းဖြင့်ဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း မေ (၂၃) ရက်နေ့မှ ဇွန် (၂) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ နိုင်ငံတော်မှလည်း ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရှိစေရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါကြောင်း၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အပြည့်အဝလာရောက် ကျောင်းအပ်နှံစေရေးအတွက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးလှုပ်ရှားမှုအဖြစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများနှင့်ကျောင်းသားမိဘများက အလေးအနက်ထားပြီး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုကျောင်းအပ်နှံရေးသီးတင်းပတ်အတွင်း မေ (၂၃) ရက်နေ့တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၂၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၁၃၁)ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ( ၈၈၂၆)ဦးကို ကျောင်းအပ်နှံထားပြီးဖြစ်၍ ကျောင်းအပ်ပြီးကလေးအားလုံးကို မည်သည့်အခကြေးငွေမျှမယူဘဲ ပညာရေးဝန်ကြီးဌာနမှထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ စာရေးကရိယာနှင့်ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ လူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖေါ်ရန်စသည့်ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြားကာ ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး၊ ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ပုံနှိပ်စာအုပ်နှင့်ဗလာစာအုပ်များ၊ စာရေးကရိယာများနှင့် ကျောင်းဝတ်စုံများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ပေးအပ်ရာသက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများမှ လက်ခံရယူခဲ့ကြကြောင်းသိရ သည်။
မြို့နယ်(ပြန်/ဆက်)