ညောင်ဦး၊ နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်၌ ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က သက်တမ်းရင့်ညောင်ပင်ကြီးမှ ကြီးမားသည့် ညောင်ကိုင်းကြီးကျိုးပဲ့ကျရာ လူနေအိမ်သုံးအိမ်ပေါ်ပိပြီး အိမ်များပျက်စီး သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကြီးမားသည့် ညောင်ကိုင်းကျိုးပဲ့ကျခြင်းကြောင့် ဒေါ်အေးကြူ (၈၀)နှစ်၏ (၃) ပင်၊ (၂) ပင် သွပ်မိုးထရံကာမြေစိုက်အိမ်(၁)လုံး၊ ဦးမျိုးမင်းမောင် ပိုင်ဆိုင်သော (၃)ပင် ၊ (၂)ပင် သွပ်မိုး၊ ထရံကာမြေစိုက်လူနေအိမ်တစ်လုံး၊ ဦးအောင်ဆွေပိုင်ဆိုင်သည့် (၄)ပင်၊ (၃)ပင်အိမ် ၊ သွပ်မိုး ထရံကာ ကြမ်းခင်းနေအိမ်ရှေ့အဖီတို့ပိ၍ပျက်စီးဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းမြတ်စိုးကပြောကြား သည်။
ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်သုံးလုံးအတွက် ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးကဝန်ထမ်းများသည် လူနေအိမ်ပေါ်သို့ သက်တမ်းရင့်ညောင်ကိုင်းကျိုးကျမှုကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ တစ်စိတ်တစ် ပိုင်းနေအိမ်(၁)လုံး၊အတွက် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး လေးသောင်းနှစ်ထောင်ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး သုံးသိန်းကျပ်နှင့်ထိခိုက်ဒဏ်ရာရရှိ သူနှစ်ဦးအတွက်ထောက်ပံ့ငွေ တစ်သိန်းကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ လေးသိန်း လေးသောင်းနှစ်ထောင်ကျပ်နှင့် သုံးသောင်းရှစ်ထောင်ရှစ်ဆယ့်တစ်ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါတစ်အိမ်ထောင်စာ၊ သုံးသောင်းငါးထောင် ရှစ်ဆယ့်တစ်ကျပ် တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ တစ်အိမ်ထောင်စာတို့ကို နေ့ခင်း ၂ နာရီခွဲအချိန် ဘေးသင့်သူပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့မှု ပေးခဲ့ကြောင်း ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆန်းမြလွင်ထံက သိရသည်။
လူနေအိမ်ပေါ်များပေါ်ကျိုးပဲ့ကျနေသည့် ကြီးမားသည့်ညောင်ပင်ကိုင်းကြီးအား ညောင်ဦး ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်မျာ၊ ညောင်ဦးမြို့မ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ညောင်ဦးအရန်မီးသတ်များကအချိန်နှင့်တပြေးညီရှင်းလင်းဆောင်ရွက်နေကြောင်း သိရ သည်။
ကိုထိန်၊KPD