ဆီဆိုင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဆီဆိုင် မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသစ်၊ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ကျော်တို့က အမှာစကားပြောကြားကြကာ မြို့နယ်ပညာရေးမှူး ဦးလှဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်မှအခြေခံကျောင်းများသို့ အခမဲ့ထောက်ပံ့ပေးသည့် ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြပြီး ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နေမင်း(ဆီဆိုင်)