ညောင်ဦး၊ နိုဝင်ဘာ ၁၀
ဒေသဆိုင်ရာခရီးသွားကော်မတီမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်မားတိုးတက်စေပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပုဂံခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ B.I.T.C (ဘုတ်ကျောင်း) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်တွင်း/ပြည်ပခရီးသွားများအတွက်သာမက ဒေသခံပြည်သူများအတွက် လုံခြုံရေး ၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်အနှောက်အယှက်မဖြစ်စေရေး ၊ ရှေးဟောင်းအဆောက်အဦး များ ရှေ့တွင်ရှိနေသည့် ခြုံဘုတ်များ ရှင်းလင်းရေးနှင့် ပုဂံရှေးဟောင်းခရီးစဉ်ဒေသအသီးသီး ဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ရေး၊ ခရီးစဉ်များကို အလွယ်တကူသွားလာနိုင်ရန် လမ်းညွှန်မြေပုံနှင့် လမ်းညွှန် ဆိုင်းဘုတ်များ ပြုလုပ်ထားရန်၊ ပုဂံရှေးဟောင်းမြို့အတွင်းရှိဘုရား (၉၉) ဆူအား အလွယ်တကူ ဝင်ရောက် လေ့လာနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်တို့ကို ကြိုတင်ညှိနှိုင်းခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင် နှင့် ဦးစီးအရာရှိ ဦးမြတ်စိုး၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဆွေနှင့် အတွင်းရေးမှူး ဦးခင်မောင်ထွေး၊ ပုဂံဧည့်လမ်းညွှန်များအသင်းမှ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းလွင်၊ Bagan Plastic Campaign ဥက္ကဌ ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပုဂံခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှအဖွဲ့ဝင်များလိုက်ပါ၍ ဗူးဘုရား လမ်းနှင့် ဧရာဆိပ်ကမ်းလမ်းကြားရှိ ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိက အဆောက် အအုံများကို ပိတ်ကွယ်နေသော ခြုံနွယ်များရှင်းလင်းရန်အတွက် မြေပြင်အခြေအနေများနှင့် ခရီးစဉ်ဒေသများကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)