ကျိုက်ထို မေ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးတစုံတရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံ တို့ကိုနိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်အပ်နှံရေးကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အ.ထ.က ကျောင်း (၁၂) ကျောင်း၊ အ.ထ.က(ခွဲ) (၃)ကျောင်း၊ အ.လ.က (၅)ကျောင်း၊ အ.လ.ကခွဲ (၁၀) ကျောင်း၊ မူလတန်းလွန် (၂၉) ကျောင်း၊ မူလတန်း (၈၉) ကျောင်း၊ အ.မ.က (ခွဲ) (၁၀) ကျောင်း၊ စုစုပေါင်း (၁၅၈) ကျောင်း ရှိပြီး ကျောင်းအပ်နှံရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)