ပေါင် မေ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့် အညီအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံတို့ကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်အပ်နှံရေးကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် အ.ထ.က ကျောင်း (၁၇) ကျောင်း၊ အ.ထ.က (ခွဲ) (၈) ကျောင်း၊ အ.လ.က (၅) ကျောင်း၊ အ.လ.ကခွဲ (၇) ကျောင်း၊ မူလတန်းလွန် (၂၅) ကျောင်း၊ မူလတန်း (၉၈) ကျောင်း၊ အ.မ.က (ခွဲ) (၁) ကျောင်း၊ ဘက(၁)၊ ကိုယ်ပိုင် (၁) စုစုပေါင်း (၁၆၃) ကျောင်းရှိပြီး ကျောင်းအပ်နှံရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)