နွားထိုးကြီး မေ ၂၄
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းအားလုံး ကျောင်းအပ်လက်ခံလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိသည်။
ကျောင်းအပ်လက်ခံရာ၌ အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG) သို့ အပ်နှံရမည်ဖြစ်ပြီး၊ အသက်(၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade -1) သို့ အပ်နှံရမည်ဖြစ်ပြီး၊ ယနေ့မှစ၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ၊ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံတစ်စုံတို့ကို အခမဲ့ထုတ်ပေးခဲ့သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နွားထိုးကြီးမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းများသို့ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်အပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အဆင်ပြေချောမွေ့စွာ လက်ခံလျက်ရှိပြီး စာသင်ကျောင်း (၁၆၅)ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းအောင်ဇော်