သန်လျင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

သန်လျင် နိုဝင်ဘာ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်ယာရေးကော်မတီမှ လမ်းညွှန်မှုဖြင့် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသော အောင်ချမ်းသာရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး ရထားလမ်းဘေးရှိ ရေထွက်မြောင်း ရေတိုက်စားမှုကြောင့်ပျက်စီးသွားခြင်းအား ပြန်လည်ပြုပြင်နေခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   

ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက် ဘုရင့်နောင် လမ်းမကြီး မီးရထားလမ်းဘေးရှိ ရေထွက်ပေါက် ရေတိုက်စားမှုကြောင့် မြေပြိုပျက်စီးသွားခြင်းအား စက်ယန္တယားများဖြင့် ရေထွက်ပြွန်နှင့် မြေထိန်းနံရံ လမ်းမကြီးအား ပြုပြင်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အရေးအသွေးမီ ရေရှည်ကောင်းမွန်သော ရေထွက်ပေါက်ဖြစ်စေရေး၊ လမ်းမကြီးအား သတ်မှတ်ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။

   

ထို့နောက် အဆိုပါ ဘုရင့်နောင်လမ်းမကြီးနှင့် သတိပဋ္ဌာန်လမ်း၊ ဗညားဦးလမ်းမကြီး အပါအဝင် AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းမည့်လမ်းများအား ကွင်းဆင်းစစ်ဆေးကာ သန်လျင်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ်မှ မြို့တွင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရှိနှင့် ပါးစပ်နှာခေါင်း Mask မ်ား တပ်ဆင်ခြင်း ရှိ/မရှိတို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတှု လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

   

သန်လျင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက နေပိုင်း/ ညပိုင်း အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)