မန္တလေး၊ နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်း (MATA)မှ အမရပူရမြို့နယ် ကြက်ခြေနီအသင်း၏ အထွေထွေသုံးယာဉ်တစ်စီးကို ကိုဗစ် - ၁၉ ရောဂါ တုံ့ပြန်ရေးအတွက် လှုပ်ရှားနှာခေါင်းတို့ပတ်ယူယာဉ်အဖြစ် တည်ဆောက်ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလှုပ်ရှားနှာခေါင်းတို့ပတ်ယာဉ်အဖြစ် တည်ဆောက်လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို (MATA) အသင်း ဦးဆောင်နာယက ဦးမင်းဦးနှင့် ဥက္ကဋ္ဌ ဦးသိန်းဟန်တို့က ရှင်းလင်းပြောကြားပြီး ပေးအပ်လှူဒါန်းရာ အမရပူရမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးမင်းထင်ကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားနှာခေါင်းတို့ပတ်ယူသည့် ယာဉ်အဖြစ် တည်ဆောက်ရာတွင် မော်တော်ယာဉ်သည် မြို့နယ်ကြက်ခြေနီအသင်း၏ အထွေထွေသုံးယာဉ်ဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ နှာခေါင်းတို့ပတ်ယူရာတွင် ကျန်းမာရေးနှင့်အညီ အန္တရာယ်ကင်းလုံခြုံစွာဖြင့်ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားပြီး အခန်းတွင်းအပူဒဏ်ကာကွယ်ရန် လေအေးပေးစက်တစ်လုံးကိုပါ တပ်ဆင်တည်ဆောက်၍ စုစုပေါင်း ကျပ်သိန်း(၂၀) ကုန်ကျခဲ့သည်ကို မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းထင်ထံမှ သိရသည်။
ဟိန်းထက်(အမရ)