ဒဂုံတောင် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်အပ်နှံခဲ့သည်။
ထိုသို့လာရောက်အပ်နှံရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များက အတန်းအသီးသီးသို့ လာရောက်အပ်နှံကြသော ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အဆင်ပြေစွာ အပ်နှံနိုင်ရေးကူညီဆောင်ရွက်ပေးကြသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့ မေ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့ထိ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှအခမဲ့ကျောင်းအပ်နှံခွင့်နှင့်အတူ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး မူလတန်းကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာမိုး