ကျိုက်မရော မေ ၂၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ လက်ခံဆောင်ရွက်ပေးနေပြီးဖြစ်ရာ အ.ထ.က ကျိုက်မရော၌ ကျောင်းလာရောက်အပ်နှံသူ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျိုက်မရော မြို့နယ် ပညာရေးဌာနမှ (KG) တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ် (၁) စုံ၊ ကျောင်းဝတ်စုံတစ်စုံ၊ Grade-1 မှ Grade-5 အတန်းများအတွက် ကျောင်းသုံးပုံနှိပ်တစ်စုံ၊ ကျောင်းဝတ်စုံတစ်စုံနှင့် ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၄) ချောင်း၊ Grade-6 မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ် ဒါဇင်ဘောပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်းတို့ကိုအခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ယခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း (၈) ကျောင်း၊ အ.ထ.က.ခွဲ ၁၁ ကျောင်း၊ အ.လ.က ကျောင်း (၈) ကျောင်း အ.လ.က ခွဲ (၁၇) ကျောင်း အ.မ.က.လွန် ၂၈ ကျောင်း အ.မ.က ကျောင်း (၆၉) တို့တွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မေ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိချို (ကျိုက်မရော)