မိုးကုတ် မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုးကုတ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ စာသင်ခန်းအတွင်း ရောက်ရှိရေးသည် အမျိုးသားရေး တာဝန်ဖြစ်ကြောင်း၊ ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် မိဘနှင့်ဆရာ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ကျောင်းသား လူငယ်နှင့် စာဖတ်ခြင်း အလေ့အထသည် ရေနှင့်တူကြောင်းနှင့် ပညာရေး၏ အဓိကရည်မှန်းချက်များတွင်လည်း စဉ်းစားတွေးခေါ်နိုင်သည့် အရည်အချင်း ရရှိရေးပါဝင်ပါကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မူမူဆွေက ကျောင်းအပ်နှံရေး အခြေအနေများအား ရှင်းလင်းတင်ပြရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံရန်၊ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်၊ ခဲတံများကို ကျောင်းသူ/သားများ လက်ဝယ်သို့ရောက်အောင် ကျောင်းအုပ်ဆရာ/မများက ဝိုင်းဝန်းကူညီပေးရန်နှင့် လာမည့် ဇွန်လတွင်လည်း ထူးချွန်ကျောင်းသားများ ရွေးချယ်ပြီး အားကစားပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် မိုးကုတ်မြို့နယ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့် ကျော်က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ပြဋ္ဌာန်းစာအုပ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လင်းရွှေက ကျောင်းသုံးဗလာစာအုပ်များကိုလည်း ကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မူမူဆွေက မူလတန်းအဆင့် ကျောင်းဝတ်စုံများနှင့် ကျောင်းအပ်နှံရေး ပိုစတာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာ/မများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)