ပင်လုံမြို့၌ ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ရှင်သာမဏေပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲ ပြုလုပ်

ပင်လုံ မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ရှင်သာမဏေပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို မေ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီက မဟာရဌာဘိသာမဂ္ဂီစေတီတော်၊ သာသနာ့ရက္ခိတဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ဓမ္မအလင်းရောင်အဘိဓမ္မာအသင်းမှ နှစ်စဥ်ကျင်းပမြဲဖြစ်သော စုပေါင်း၍ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း၊ မဟာစကြာမုနိအဘိဓမ္မာတက္ကသိုလ်(မန္တလေး)၏ ပင်လုံဌာနခွဲဖွင့်လှစ်ခြင်း၊ ပရိယတ္တိစာသင်သားကိုရင်များ (ရှင်သာမဏေပူဇော်ခြင်း​​၊ ညောင်ရေသွန်းခြင်းများကို ကျင်းပခဲ့ရာ  အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များမှ အဆင့်ဆင့်ကမ်း၍ သယ်ယူလာသော သာသနာ့အလံအား မြို့မနောင်ကွတ်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာဗလနှင့် သံဃာတော်အရှင်သူမြတ်(၁၀၂)ပါးတို့က လွှင့်တင်ပေးခဲ့ပါသည်။ ထို့နောက် ဆရာတော်မှ သြဝါဒတရားချီးမြှင့်ပေးခဲ့ပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။ ဆက်လက်၍ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်းရှိ ဗုဒ္ဓညောင်ပင်အား အမွှေးနံ့သာရေများဖြင့် သွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)