ကာလိ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ဆတ်ကျေးရွာတွင် မိုးစပါးစံကွက်အထွက်နှုန်းရရှိရေးအတွက် စံကွက်ရိတ်သိမ်းခြင်းကို CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းအား ကာလိမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများတို့က ယနေ့နေ့လယ်(၁၁)နာရီအချိန်ခန့်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ဝမ်ဆတ်ကျေးရွာရှိ ဦးစာကရ လယ်ကွင်းမြေနေရာ၌ DU-12 စပါးမျိုးဖြင့် စိုက်ပျိုးထားခဲ့သည့် မိုးစပါးအား စံကွက်ရိတ်သိမ်းခြင်း၊ တွက်ချက်ခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း(၁၀၆.၉၅)တင်း ထွက်ရှိပြီး စပါးအထွက်နှုန်းကောင်းသဖြင့် နောင်လာမည့် မိုးရာသီ မိုးစပါးစိုက်ပျိုးအချိန်တွင် စိုက်ပျိုးလိုသည့် တောင်သူများရှိပါက မျိုးစေ့များ ဖြန့်ဝေနိုင်ရန်နှင့် ပြည်သူများအတွက် မျိုးကောင်းမျိုးသန့်ရရှိနိုင်စေရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း ကာလိမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းငွေလေးထံမှ သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)