ဗိုလ်တထောင် မေ ၂၃
ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ထူးမြတ်သည့် ကုသိုလ်တော်အဖြစ် ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဆောင်ရွက်ခဲ့ကြရာ အလားတူပင် ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင်လည်း ယမန်နေ့ညနေ ၄ နာရီအချိန်က အများပြည်သူများစုပေါင်း၍ ပြည်လုံးချမ်းသာ ဆုတောင်းပြည့် အေးစေတီတော်တွင် (၄၁) ကြိမ်မြောက်အဖြစ် ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ညောင်ရေသွန်းလောင်းပူဇော်ရာတွင် ဗမာအေးရပ်ကွက်၊ ဓမ္မသီတဂူအေးရွာ ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာဆုတောင်းပြည့်အေးစေတီတော်၏ တနင်္ဂနွေထောင့်ရှိ ဗောဓိညောင်ပင်တွင် အများပြည်သူများက ညောင်ရေသွန်းလောင်းကုသိုလ်ယူခဲ့ကြရာ စေတနာရှင်ပြည်သူများက အအေးများ၊ ကြက်သားဆန်ပြုတ် စတုဒိသာများဖြင့် ကုသိုလ်ပါဝင်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)