မိတ္ထီလာ၊ နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် သောက်သုံးရေအဆင်ပြေရန် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ဆောက်လျက်ရှိသော အုတ်ရေကန်များ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တက်ရေးဦးစီးဌာနမှ နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် စက်ရေတွင်း တူးဖော်ခြင်း၊ မြေသားရေကန်များ တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အလှူရှင်စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် ကျေးရွာများတွင် လိုအပ်လျက်ရှိသော စက်ရေတွင်းများ၊ အုတ်ရေကန်များကို တူးဖော်တည်ဆောက်ပေးလျက်ရှိသည်။ ထိုသို့ တူးဖော်တည်ဆောက် ပေးလျက်ရှိရာမှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ လှူဒါန်းငွေကျပ် (၂.၃၁ ) သန်းဖြင့်မြို့နယ်အတွင်းရှိ ဇရပ်ကုန်းကျေးရွာအုပ်စု လျှော်ဖြူပင်ကျေးရွာတွင် ရေဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် တစ်ကန် နှင့် ၁၉၇၁ ခုနှစ် မန္တလေးဆေးတက္ကသိုလ်ဝင်ခွင့်ရ သူငယ်ချင်းများက စုပေါင်း၍ လှူဒါန်းသော ကျေးရွာတစ်ရွာလျှင် လှူဒါန်းငွေကျပ် (၂.၃၁)သန်းဖြင့် အုတ်ရေကန် နှစ်ကန်ကိုလည်း သီးပင်ကုန်းကျေးရွာအုပ်စု ပန်းဒွေးကျေးရွာနှင့် ဇရပ်ကုန်းကျေးရွာအုပ်စု လက်ပံအိုင့်ကျေးရွာတို့တွင် တည်ဆောက်လျက်ရှိသည်။
အဆိုပါကျေးရွာသုံးရွာတွင် လှူဒါန်းသည့် အုတ်ရေကန်များကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်၍ တည်ဆောက်လျက်ရှိရာ ယခုဆိုလျှင် ၎င်း အုတ်ရေကန်များ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)