အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပညာဝတီရိပ်သာဆရာတော် ဂုဏဝိသိဋ္ဌပူဇာနှင့် ဝိဇာတမွေးနေ့မင်္ဂလာကျင်းပ

ရန်ကင်း မေ ၂၃

နိုင်ငံတော်အစိုးရက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ရာတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူသော ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပညာဝတီရိပ်သာကျောင်းတိုက် ပဓာနမဟာနာယက ဘဒ္ဒန္တဇာဂရအား တပည့်ဒါယကာ၊ ဒါယိကာမများက ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဋ္ဌပူဇာနှင့် သက်တော် ၉၅ ပြည့် ဝိဇာတမွေးနေ့မဂ်လာကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်ရှိ ဓမ္မိကဓမ္မာရုံ၌ ဆင်ယင်ကျင်းပသည်။

မဂ်လာအချိန်ကျရောက်သည့် မွန်းလွဲ ၂ နာရီတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇာဂရအား ပူဇာသနပလ္လင်ပေါ်သို့ပင့်ဆောင်ပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓမ္မာစရိယဒီဃနိကာယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ (မြင်းခြံဆရာတော်) ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ရွတ်ဖတ်သရဇ္စျာယ်ကြသည်။ ထို့နောက် ဘဒ္ဒန္တနန္ဒဝံသက မဟာထေရဂုဏပူဇာအာသီသပတ္တနာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး အမှတ် ၅ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က သာသနာရေးဆိုင်ရာများလျောက်ထားပြီး ဆရာတော်ဘဒ္ဓန္တဇာဂရ၏ ထေရုပတ္တိအကျဥ်းကို ဦးတိုးလှိုင် (ရွှေအုန်းပင်အိမ်ရာ - ၁) ကဖတ်ကြားသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့၌ နိုင်ငံတော်အစိုးရက ဆက်ကပ်သည့် ''အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ'' ဘွဲ့တံတော်ကို အမှတ် ၅ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပညာဝတီဆရာတော် ဘဒ္ဒန္တဇာဂရအားထပ်ဆင့်ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ဓမ္မိကဓမ္မာရုံဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဓမ္မကထိက၊ ဗဟုဇနဟိတဓရ ၊သ.စ.သ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ပညယသီဟာဘိဝံသထံ ရေစက်သွန်းချတရားတော်နာယူခဲ့ကြသည်။

ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာ၊ ဇာဂရိယဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်လောင်းလျာကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာသစ်ကျေးရွာ၌ ခမည်းတော် ဦးမော် + မယ်တော် ဒေါ်စိန်တင်တို့မှ ၁၂၉၂ ခု ကဆုန်လဆန်း ၄ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ၁၃၀၂ ခု ကဆုန်လဆန်း ၁၅ ရက်တွင် မြင်းခြံမြို့နယ် ရွာသစ်ကျေးရွာ ရွာသစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ၁၃၁၃ ခု ဝါဆိုလဆန်း ၁၀ ရက်တွင် မြင်းခြံမြို့နယ် နက်ထားကျေးရွာ စမ်းကျတောရကျောင်းတိုက် ခဏ္ဍသိမ်၌ ကံရွာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝရိန္ဒကို ဥပဇ္စျာယ်ပြု၍ မြင်းခြံမြို့နယ် သစ်ပင်ရှည်ကျေးရွာနေ ဦးဘညွန့် + ဒေါ်ဖွားကြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဆရာတော်သည် ပရိယတ္တိစာပေများကို ကျမ်းကြီးပေါက်သင်ယူကာ သာသနာအကျိုးနှင့် ပရဟိတဆိုင်ရာများ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ( ၁၃၈၅ ခု) ဇန်နဝါရီ ၄ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော ''အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ'' ဘွဲ့တံဆိပ်တော်မြတ်ကို အလှူခံရရှိတော်မူခဲ့သည်။

အဆိုပါဂုဏဝိသိဋ္ဌပူဇာသဘင်တွင် နိုင်ငံတော်အနုပညာထူးချွန်ဆု ရဂျာမဏီပြန်တေးဂီတမှူး စန္ဒယားလုလင်ငယ်သွေးအဖွဲ့မှ တေးသံရှင်ဂျာမဏီပြန်လမင်းက ရတုပိုက်စုံများဖြင့် ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)