ကဆုန်လပြည့် (ဗုဒ္ဓနေ့၌) သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

သံဖြူဇရပ် မေ ၂၃

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပဂာအဖွဲ့တို့မှ ဦးဆောင်၍ ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ် ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အနောက်အရပ်မှနဂါးအဖွဲ့၊ မြောက်အရပ်မှ ဂဠုန်အဖွဲ့၊ တောင်အရပ်မှ နတ်အဖွဲ့၊ အရှေ့အရပ်မှ ဗြဟ္မာအဖွဲ့တို့က သက်ဆိုင်ရာဂါထာတော်များ ရွတ်ဆိုပူဇော်၍ ​ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းနှင့် အဖွဲ့ဝင်များမှ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကာ ဘာသာရေးဝတ်အသင်းအဖွဲ့များကလည်း ဇယမင်္ဂလာ (၅) ဂါထာနှင့် သွန်းကြ၊ သွန်းကြဂါထာတော်တို့ ကိုရွတ်ဖတ်ဆုတောင်း ပတ္တနာပြုပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံး ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ညောင်ရေသွန်းလောင်းပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများအား ကျိုက္ခမီမြို့ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ညောင်ရေသွန်းလောင်းအဖွဲ့များက ဇာတ်လမ်းတေးသရုပ်ဖော်များ၊ ဆင်က၊ မြင်းကများနှင့် အငြိမ့်ပြဇာတ်များဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ပေးသည့်အပြင် ချစ်ပန်းဆုဝေဇာတ်ပွဲဖြင့်လည်း ကပြဖျော်ဖြေပေးခဲ့​သဖြင့် ကဆုန်ညောင်ရေသွန်းပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)