ရွာလွတ်ကျေးရွာတွင် (၈၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ချောင်းဆုံ  မေ  ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ရောက်တိုင်း မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် အဖွဲ့လိုက်ညောင်ရေသွန်းလောင်းပွဲကို အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယမန်နေ့က ရွာလွတ်ကျေးရွာတွင် (၈၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဖွဲ့လိုက် ကဆုန်ညောင်ရေသွန်းပြိုင်ပွဲကို (၁၉၄၂) ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၈၂) ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း မိမိတို့ကျေးရွာနှင့်လူမျိုး၏ ဓလေ့ထုံးတမ်းများ နှင့် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို မျိုးဆက်သစ်လူငယ်လူရွယ်များ မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း ညောင်ရေသွန်းလောင်း အဖွဲ့များအနေဖြင့် ယဉ်ကျေးမှုနှင့်အညီ တူညီဝတ်စုံများဝတ်ဆင်ကာ ကျေးရွာအတွင်းရှိ မဟာဗောဓိပင်များအား လှည့်လည်သွန်းလောင်းကြခြင်းဖြစ်ကြောင်း ညောင်ရေသွန်းပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင် ဒေါ်သိန်းသိန်းဝေက ပြောသည်။

အဆိုပါ ကဆုန်ညောင်ရေသွန်းပြိုင်ပွဲကို ကျေးရွာအတွင်းရှိ အဖွဲ့(၆)ဖွဲ့ ဝင်ရောက်ခဲ့ကြပြီး ရပ်ဝေး/ ရပ်နီးမှလာရောက် ကြည့်ရှုအားပေးသူများအားကျေးရွာအတွင်း စတုဒီသာမဏ္ဍပ်များဖြင့် ကျေးမွေးဧည်ခံခြင်းနှင့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်ဖြင့် နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များအား ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူကာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ညနေပိုင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)