ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် (၅၃)ကြိမ်မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားဖွင့်ပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပ

ဗိုလ်တထောင် မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ဘဏ္ဍာတော်ထိမ်း ဂေါပကအဖွဲ့ဝင်များမှ ကြီးမှူးကျင်းပသော ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် (၅၃)ကြိမ်မြောက် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၆)နာရီခွဲအချိန်က ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီရင်ပြင်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ ခရိုင်မစဖအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ မြို့နယ်မစဖအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ဘာသာရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ မင်္ဂလာရာမပါဠိ တက္ကသိုလ်ကျောင်းဆရာတော် အရှင်သူမြတ်ထံမှ ပရိတ်တရားနှင့် ကိုးပါးသီလဆောက်တည်ခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားပြီး အလှူဒါနအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ကဆုန်ညောင်ရေသွန်းပွဲ အစီအစဉ်ကို စတင်ဆောင်ရွက်ရာ စည်တော်အဖွဲ့၊ (၅၃)ကြိမ်မြောက် ဗီနိုင်းဆိုင်းဘုတ်၊ ကြေးစည်အဖွဲ့၊ သာသနာ့အလံတော်ကိုင်အဖွဲ့၊ အောင်အိုးကိုင်အဖွဲ့နှင့် ဆရာတော်သံဃာတော်များ အပူဇော်ခံခြင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ၊ ဘာသာရေးအသင်းအဖွဲ့များ လိုက်ပါပူဇော်ကြရာ၊ ဗောဓိပင်၌ ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ ဗုဒ္ဓ့ါဘိသေကဘုရားနေကဇာတင် ပါဠိတော်နှင့် ကဆုန်ညောင်ရေသွန်း ပါဠိတော်များ ရွတ်ဖတ်ပူဇော်ပြီး၊   ဆရာ တော်သံဃာတော်အရှင်သူမြတ်များနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်များမှ ဗောဓိညောင်ပင်သို့ ညောင်ရေသွန်းလောင်လှူကြပြီး ကဆုန်ညောင်ရေသွန်းခြင်း အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ ဘုရားသို့ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းရန် လာရောက်ကြသော ဗုဒ္ဓဘာသာဝင်သူတော်စင်များမှလည်း ကဆုန်ညောင်ရေများ သွန်းလောင်းကြရာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရင်ပြင်၌ ညောင်ရေသွန်းလာပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း(ပြန်/ဆက်)