ထန်းတပင် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီး ကျောင်းတိုက်ကြီးတွင် နဝမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ကဆုန်လပြည့်နေ့၊ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြကာ လွမ်းစေတီဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသထံမှ ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့မှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး လွမ်းစေတီဘုရား ကြီး ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသမှ အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများကိုတစ်ဦးလျှင် အလှူငွေကျပ် (၃၀၀၀၀) နှင့်ငွေကျပ်(၈၀၀၀)တန်ဖိုးရှိပစ္စည်းများ ကို လှူဒါန်းပေးခဲ့သည်။
သက်ကြီးပူဇော်ပွဲ အခမ်းအနားကို လွမ်းစေတီဘုရားကြီးကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသမှ ဦးစီး၍ ပြုလုပ်ခြင်းဖြစ်ပြီး အမှတ်(၃)ရပ်ကွက်အတွင်းရှိ အသက်(၇၅) နှစ်အထက် သက်ကြီးဘိုးဘွား(၅၅)ဦးတို့ကို လှူဒါန်းပေးခြင်းဖြစ်သလို သက်ကြီးပူဇော်ပွဲသို့ မလာရောက်နိုင်သည့် သက်ကြီးဘိုးဘွားများကိုလည်း အိမ်တိုင်ရာရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်